"သွေးတိုးရောဂါအကြောင်းသိကောင်းစရာ"
အရင်ကဆိုရင် အသက် ၅၀ ဝန်းကျင်လောက်မှသာ အသက်အရသော်လည်းကောင်း၊ အခြားနဂိုရောဂါအခံကြောင့်သော်လည်းကောင်း သွေးပေါင်ချိန်တက်(သွေးတိုးတတ်လာ) ကြပေမယ့် အခုဆို အသက်၃၀လောက်နဲ့လည်း သွေးတိုးစွဲနေတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ??
အားလုံးသိကြမှာပါ။ အစားအသောက်များ၊ နေထိုင်မှုပုံစံ နဲ့ စိတ်ခံစားမှုများကြောင့်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အောက်ပါအချက်များကြောင့် သွေးတိုးရောဂါဖြစ်တတ်ပါတယ်။
၁။ အသက်ကြီးလာ၍သွေးပေါင်ချိန် (Blood Pressure) တက်ခြင်း၊
၂။ အဝလွန်ခြင်း၊
၃။ အရက်အလွန်အကျွံသောက်သုံးခြင်း၊
၄။ ဆေးလိပ် (ဆေးရွက်ကြီး) သောက်ခြင်း၊
၅။ ဆီများသော (အဆီဓာတ်များသော) အစားအစာများနှင့် အငန်စားသုံးမှုများခြင်း၊
၆။ စိတ်ဖိစီးခြင်းတို့ကြောင့်ဖြစ်ပါတယ်။

သွေးတိုးရောဂါဖြစ်တတ်တဲ့ အခြားအကြောင်းအရင်းများကတော့
၁) ကျောက်ကပ်ရောဂါအခံရှိခြင်း၊
၂) ဟော်မုန်းများကြောင့်၊
၃) နှလုံးသွေးကြောကျဉ်းရောဂါအခံရှိခြင်း
၄) ဆေးဝါးများသောက်သုံးရခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။
သွေးတိုးရောဂါလက္ခဏာတွေဟာဆိုရင်
သွေးပေါင်ချိန် ၁၄၀-၉၀ လောက်ဖြစ်နေမယ်။
ခေါင်းကိုက်၊ ခေါင်းမူးမယ်။
ဇက်ကြောတက်၊ အမြင်အာရုံ ေ၀ဝါးမယ်။
နှလုံးခုန် ရင်တုန်တတ်ပါမယ်။

ဒါပေမယ့် အခုပြောပြမယ့် အချက်တွေနဲ့ နေထိုင်စားသောက်မှုပုံစံကို သတိပြုဆင်ခြင်မယ်ဆိုရင် သွေးပေါင်ချိန်ကို ထိန်းနိုင်မှာဖြစ်သလို၊ သွေးတိုးရောဂါမဖြစ်အောင်လည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
- သွေးပေါင်ချိန် တစ်နေ့ ၂ခါ၊ ၃ခါ ပုံမှန်တိုင်းပေးခြင်း၊
- အဆီဓာတ်၊ အငန်ဓာတ်နှင့် အချိုမှုန့်အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ။
- ကဖိန်းဓာတ်ကြွယ်ဝသောအစားအသောက်များ သတိပြု စားသုံးပါ။ (ဥပမာ- ကော်ဖီ၊ အားဖြည့်အချိုရည် Energy Drinks များ)
- ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပိုမိုစားပေးပါ။
- မပြင်းလွန်းသော ကိုယ်ကာယလေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပါ။
- ကိုယ်အလေးအချိန်မတက်အောင် ထိန်းညှိပါ။ ( အဝမလွန်အောင် ထိန်းပါ။ )
- ဆရာဝန်ပေးတဲ့ ဆေးကို ပုံမှန်မှီဝဲပါ။
သွေးပေါင်ချိန်တက်ရင် သံပုရာရည် ဖျော်သောက်ခြင်းကလည်း သွေးတိုးကျစေတဲ့ အိမ်တွင်းကုထုံးလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဆေးနဲ့ ခြားသောက်ပေးဖို့လိုပါတယ်နော်။
သွေးပေါင်တက်တာများပြီး သွေးတိုးရောဂါမထိန်းနိုင်ခဲ့ရင် နောက်ဆက်တွဲရောဂါအနေနဲ့ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်လေငန်းဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံပျက်စီးခြင်း၊ ခြေလက်သွေးကြောများ ယောင်ရမ်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ ဖြစ်တတ်ပါတယ်။
ဒါက ကြောက်အောင်ခြောက်လှန့်တာမျိုးမဟုတ်ပဲ သတိပြု ဆင်ခြင်နိုင်ဖို့ တိုက်တွန်းပြောပြပေးခြင်းဖြစ်ပါတယ်။
ဒါကြောင့် သွေးတိုးမဖြစ်ခင်အချိန်ကတည်းက သတိပြုနေထိုင်စားသောက်ခြင်းဟာ ကျန်တဲ့ရောဂါများပါ ဝင်မလာအောင် ကာကွယ်စောင့်ရှောက်ခြင်းဖြစ်လို့ မေ့မေ့လျော့လျော့မနေကြပါနဲ့နော်။
အာရောဂျံ ပရမံလာဘံ
Written by Hnin_Lae